
![မြန်မာနိုင်ငံတွင်အင်တာနက်ဖြတ်တောက်ခြင်း၏ များပြားလှသောဆုံးရှုံးနစ်နာမှု [အင်ဖိုဂရပ်ဖစ်] မြန်မာနိုင်ငံတွင်အင်တာနက်ဖြတ်တောက်ခြင်း၏ များပြားလှသောဆုံးရှုံးနစ်နာမှု [အင်ဖိုဂရပ်ဖစ်]](https://share.america.gov/wp-content/uploads/2021/05/Final_Cost-of-Internet-Restrictions-in-Burma_v2.jpg)
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းစဉ်ကစ၍ စစ်တပ်သည် မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ခဲ့လာနေခဲ့သည်။ ဤဖိနှိပ်ချုပ်ခြယ်မှုသည် စစ်တပ်၏ အာဏာကိုစွဲကိုင်ထားရန်ပုံစံချထားခြင်းဖြစ်ပြီး သတင်းအချက်အလက်များရမှုနှင့် တိုင်းပြည်၏စီးပွားရေးထိခိုက်ပျက်စီးစေခြင်းကိုပါဖြစ်စေခဲ့သည်။
အာဏာသိမ်းစဉ်အတွင်း စစ်တပ်သည်အင်တာနက်ကိုပိတ်ထားသည်။ ကွန်ရက်ဖြတ်တောက်မှုများဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ သတင်းမှတ်တမ်းများအရ ပြတ်တောက်မှုများသည် နိုင်ငံတကာ ဖုန်းအော်ပရေတာများနှင့် ဆယ်လူလာ ဝန်ဆောင်မှုများ အပါအဝင် ကွန်ရက်များစွာအပေါ် ထိခိုက်စေခဲ့သည်။
သတင်းထောက်များ သတင်းတင်၍မရ၊ မိသားစုများမှာလည်း ကိုဗစ်-၁၉ မှ ကာကွယ်ရန်လိုအပ်သည့် သတင်းအချက်အလက်များ မရရှိနိုင်ခဲ့ကြ၊ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့ကြရသည်။ အထူးသဖြင့် ထောင်နှင့်ချီသော အွန်လိုင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များစွာ ထိခိုက်နစ်နာခဲ့ကြရသည်။
“မိုဘိုင်းအင်တာနက်တွေ စပိတ်လိုက်ချိန်မှာ အခြေခံအားဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးတစ်ခုလုံး ပြိုလဲသွားခဲ့ရတယ်” ဟု ရန်ကုန်မြို့က စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးက အကျိုးအမြတ်မယူသော သတင်းဌာနဖြစ်သည့် Rest of World ကိုပြောကြားခဲ့သည်။ စစ်အစိုးရ၏ ကွန်ရက် ဖြတ်တောက်မှုများက အသေးစား အင်တာနက် စီးပွားရေးလုပ်ငန်း ထောင်ပေါင်းများစွာကို “ဆိုးဆိုးရွားရွားထိခိုက်” စေခဲ့သည်ဟု သတင်းဌာနကဖော်ပြသည်။
အင်တာနက် ရရှိမှုကို ခြေရာခံသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် NetBlocks ၏ခန့်မှန်းခြေအရ မြန်မာနိုင်ငံ၏ စီးပွားရေး ဆုံးရှုံးနစ်နာမှုသည် တစ်ရက်လျှင် ဒေါ်လာ ၂၄ သန်း ကျော် ရှိသည်။
ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် စစ်တပ်အကြမ်းဖက်မှုကို အဆုံးသတ်ရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် မိတ်ဖက်နိုင်ငံများက တောင်းဆိုလျက်ရှိသည်။ အာဏာသိမ်း ပြီးချိန်ကစ၍ မြန်မာစစ်တပ်သည် ဆန္ဒပြသူပေါင်း ၇၀၀ ကျော်ကို သတ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော တာဝန်ရှိသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ အပါအဝင် ထောင်နှင့်ချီသောပြည်သူများကိုဖမ်းဆီးထိန်းသိမ်းထားသည်။
သတင်းအချက်အလက်ရရှိခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ အင်တာနက်ဖြတ်တောက်ခြင်းသည် လူ့အဖွဲ့အစည်းအပေါ်တွင် “မယုံနိုင်လောက်အောင် ကျယ်ကျယ်ပြန့်ပြန့် အကြီးအကျယ် ပျက်စီးနိုင်သော သက်ရောက်မှု” ရှိနိုင်သည့် လက်နက်ယန္တရားတစ်ခုဖြစ်သည့်အကြောင်း ဖရီးဒမ်းဟောက်စ် အဖွဲ့ခေါ်ဆိုပါသည်။
အစိုးရ ချမှတ်သော အင်တာနက်ပိတ်ခြင်းကို နှင့် အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးသည့် အခြားနည်းလမ်းများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က မကြာသေးခင်က ရှုတ်ချခဲ့သည်။
မြန်မာစစ်တပ်၏ အင်တာနက်ဖြတ်တောက်ခြင်းသည် သတင်းနှင့် လူမှုကွန်ရက်ဆိုက်များကိုသာ ပိတ်ဆို့ခဲ့ခြင်း မဟုတ်ပါ။ အင်တာနက် ကန့်သတ်ခြင်းကို ကန့်ကွက်သည့် Open Observatory of Network Interference အဆိုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ခြေရာခံရန်နှင့် ထိခိုက်ခံရသော ဒေသများကို စစ်ဆေးနိုင်သည့် မိုဘိုင်းအပလီကေးရှင်း အသုံးပြုသူများအတွက် မိုဘိုင်းအသုံးပြုမှုကိုပင်လျှင် ပိတ်ဆိုခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းတွင် ဈေးနှုန်းများကို သုတေသနပြုလုပ်ရသော စိုက်ပျိုးမွေးမြူရေးမှသည် ဒစ်ဂျစ်တယ် နည်းပညာအပေါ်တွင် မှီခိုအားထားနေရသည့် နိုင်ငံ့စက်မှုလုပ်ငန်းများအထိ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဖိနှိပ်မှုများကြောင့် ထိခိုက်နစ်နာခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
စစ်တပ်၏ ကွန်ရက်ဖြတ်တောက်ခြင်းသည် လူတိုင်းကို ထိခိုက်နစ်နာစေသည်ဟု Free Expression Myanmar မှ အိုလီဗာ စပန်ဆာ က ဆိုသည်။ “အင်တာနက် ဖြတ်တောက်တာဟာ သူတို့ရဲ့ အကြွင်းမဲ့အာဏာကို ပြသလိုက်တာသက်သက်ပဲ ဖြစ်ပါတယ်” “ဒါပေမဲ့ ဒါဟာ ကြီးမားတဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေမှုပါပဲ” ဟု သူက Wired မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
နောက်ဆုံး၌ ဤထိခိုက်နစ်နာမှုများတွင် သတင်းအချက်အလက်အတွက် ကြိုးမဲ့အင်တာနက်အပေါ် မှီခိုနေကြရသူ အများစုဖြစ်သည့် မြန်မာနိုင်ငံ၏ ၅၄ သန်းသော ပြည်သူများပါဝင်ပေသည်။ “ဆန္ဒပြမှုတွေ များပြားလာတာနဲ့အမျှ ဖြတ်တောက်ရခြင်းရဲ့ ရည်ရွယ်ချက်က အကြောက်တရားကို သွတ်သွင်းပေးဖို့နဲ့ ပြည်သူတွေ ဆက်သွယ်လို့ မရစေဖို့၊ ဆန္ဒပြဖို့ လူတွေစုစည်းလို့မရစေဖို့ ဒါမှမဟုတ် အရေးကြီး သတင်းအချက်အလက်တွေ မရရှိစေဖို့ တားဆီးနေတာ ဖြစ်ပါတယ်” ဟု the Centre for International Governance Innovation က ပြောသည်။