နဖူးစည်း၊ ဆိုင်းဘုတ်နှင့် မီးဒုတ်များကိုင်ဆောင်ပြီး လမ်းပေါ်တွင် ဆန္ဒပြနေသူများ (© AFP/Getty Images)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က စစ်အစိုးရကို ဆန္ဒပြသူများ ဆန့်ကျင်ကန့်ကွက်နေကြသည်။ (© AFP/Getty Images)

ဇန်နဝါရီ ၂၆၊ ၂၀၂၂

လွန်ခဲ့သောတစ်နှစ်နီးပါးက မြန်မာတပ်မတော်သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသော နိုင်ငံအစိုးရကို ဖြုတ်ချပြီးနောက် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အဖြစ် အုပ်စိုးခဲ့ရာ အရပ်သား ၁,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှစတင်ပြီး အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမိတ်ဖက်များက မြန်မာစစ်အာဏာရှင်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေနှင့် စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုတို့တွင် တာဝန်ရှိသော စစ်အရာရှိများအား ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့သည်။

“စစ်အာဏာရှင်၏ ဆိုးရွားလှသည့် ရက်စက်ကြမ်းကြုတ် အနိုင်ကျင့်မှုများဒဏ်ကို ခံစားနေရစေကာမူ ကောင်းမွန်သောအနာဂတ်အတွက် သူတို့၏မျှော်လင့်ချက်များကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မတိုင်မီ ဇန်နဝါရီလ ၃ ရက်နေ့က ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် ကနေဒါ၊ ဗြိတိန်နိုင်ငံတို့နှင့်အတူ ပူးတွဲပြီး စစ်အာဏာရှင် အရာရှိများအား ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပိတ်ဆို့ဒဏ်ခတ်အရေးယူ ခဲ့သည်။ ယင်း ဒဏ်ခတ်အရေးယူသူများစာရင်းတွင် ဧပြီလ ၉ ရက်နေ့က အနည်းဆုံး လူ ၈၂ ယောက်ကို စစ်တပ်ကသတ်ဖြတ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ ဝန်ကြီးချုပ် မျိုးဆွေဝင်းလည်း အပါအဝင်ဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့အတွက် စစ်လက်နက်ထုတ်လုပ်ပြီး အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ရန်အသုံးပြုနေသော ကျည်နှင့် အမြောက်ဆံများဖြင့် ပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရုံးများကိုလည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူထားကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မီးလောင်နေသည့် မြို့တွင်းမှ မီးတောက်မီးခိုးများမြင်တွေ့ရသည့် ကောင်းကင်ဓာတ်ပုံ (© AFP/Getty Images)
မီးလောင်ကြွမ်းပြီး မီးခိုးလုံးများတက်လာနေသည့် ထန်တလန်မြို့ ။ မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အဆောက်အအုံပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ (© AFP/Getty Images)

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အရပ်သားအစိုးရ ရွေးကောက်ပွဲသည် “မဲဆန္ဒရှင်များ၏ ဆန္ဒအမှန်အကန်” ကို ထင်ဟတ်ကြောင်း လွတ်လပ်သော စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစပြီး မြန်မာစစ်အာဏာရှင်သည် လူပေါင်း ၁,၄၈၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၁,၆၃၈ ဦးကို ဖမ်းဆီးခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အချက် ၅ ချက်ပါ သဘောတူညီချက်ကို ထောက်ခံပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားနှင့် ကရင်ပြည်နယ်တို့တွင် အနည်းဆုံး အပြစ်မဲ့အရပ်သား ၃၅ ဦးကို စစ်တပ်က သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏လွတ်လပ်သော စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ် ကိုလည်း ထောက်ခံအားပေးသည်။

စစ်အာဏာသိမ်းချိန်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမိတ်ဖက်များသည် အောက်ပါတို့ကို လုပ်ဆောင်ခဲ့သည်-

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမှဖယ်ရှားပြီး မတရားပြစ်ဒဏ်ချမှတ်မှုနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသည့် အရာရှိများအား ဖိနှိပ်မှုတို့ကို “ဒီမိုကရေစီနှင့် တရားမျှတမှုတို့အပေါ် မထီမဲ့မြင်ပြုမှု”အဖြစ် ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆိုကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဝန်ကြီး ဘလင်ကန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် ဆန္ဒပြင်းပြကြသော မြန်မာပြည်သူများနှင့်အတူ ကျွန်တော်တို့ ပူးပေါင်းပါဝင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကို အဆုံးသတ်ရန် စစ်အစိုးရကို တောင်းဆိုပါသည်။ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်အကောင်အထည်ဖော်ပါ” ဟု ဝန်ကြီး ဘလင်ကန်က ပြောဆိုသည်။