မြန်မာဆန္ဒပြပြည်သူများ ဟန်းဂါးဂိမ်းမှ စိတ်ခွန်အားရယူခြင်း

လက်သုံးချောင်းထောင်ပြထားသော လက်ပုံစံဆွဲထားသည့်ပုံ (ဓာတ်ပုံ - အေပီ)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဧပြီ ၆ ရက်က ဆန္ဒဖော်ထုတ်သူတစ်ဦး ဖေဖော်ဝေါ်ရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ သေဆုံးခဲ့ရသော ဆန္ဒဖော်ထုတ်သူများအား ဂုဏ်ပြုသည့်အနေဖြင့် အနီရောင်ဆေးဆိုးထားသည့် လက်ဖြင့် ဟန်းကားဂိမ် အလေးပြုနည်းပုံစံကို ပြသနေပုံ။ (ဓာတ်ပုံ - အေပီ)

မြန်မာပြည်သူတွေဟာ ဒီမိုကရေစီအရေးဆန္ဒပြတောင်းဆိုမှုရာမှာ သူတို့နဲ့ အကျွမ်းတဝင်ရှိတဲ့ သင်္ကေတကို ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။

ဖေဖော်ဝေါ်ရီ ၁ ရက် စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ကြသူတွေ ချီတက်ကြရာမှာ အမေရိကန်စာရေးဆရာမ ဇူဇန်ကောလင်းရဲ့ ဟန်းဂါးဂိမ်း စီးရီးတွဲထဲတဲ့ အလေးပြုတဲ့ပုံစံအတိုင်း လက်သုံးချောင်းထောင်ပြခဲ့ကြတာပါ။

အရွယ်ရောက်လူငယ်လူရွယ်တွေအကြား ရေပန်းစားတဲ့ စာအုပ်နဲ့ရုပ်ရှင်ဇာတ်လမ်းတွဲအတွင်းက လက်သုံးချောင်းထောင်အလေးပြုတဲ့ပုံစံဟာ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဖန်နန်တိုင်းပြည်က ပြည်သူပြည်သားတွေကို စည်းလုံးညီညွှတ်မှုရစေပါတယ်။

လက်သုံးချောင်းထောင် အလေးပြုသည့်ပုံစံရုပ်ပုံများပါရှိသည့် လက်ကိုင်ပိုစတာ ကိုင်ဆောင်ထားသူများ (ဓာတ်ပုံ - အေပီ)
လက်သုံးချောင်းထောင်သည့် အလေးပြုနည်းသရုပ်ဖော်ပုံနှင့် ဖေဖေါ်ဝေါ်ရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစ၍ ဆန္ဒပြပွဲများအတွင်း သတ်ဖြတ်ခံခဲ့ရသူများ၏ အမည်များပါဝင်သော လက်ကိုင်ပိုစတာကို ကိုင်မြှောက်ထားကြသည့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ်သူများ။ (ဓာတ်ပုံ – အေပီ)

ဖေဖော်ဝေါ်ရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး မြန်မာစစ်တပ်ဟာ လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီအရေး ဆန္ဒပြတောင်းဆိုမှုတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ဦးဆောင်ခဲ့ကာ ကလေးတွေအပါအဝင် လူပေါင်း ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို လူပေါင်း ၄,၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ဖမ်းဆီးမှုတွေကိုခြေရာခံစုံစမ်းနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုရဲ့အဆိုအရသိရပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမိတ်ဖက်တွေက မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီအရေးဆန္ဒပြ တောင်းဆိုမှုတွေကို အားပေးထောက်ခံပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို ကန့်ကွက်ရှုတ်ချနေကြတာပါ။

“စစ်တပ်နဲ့ ရဲဟာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရမှာဖြစ်သလို၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကိုလည်း လေးစားလိုက်နာရမှာဖြစ်ပါတယ်” “အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ပြည်သူလူထုအပေါ် ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ ဖိနှိပ်မှုတွေကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်” လို့ ဂျီဆဲဗင်း စက်မှုထိပ်သီး ခုနှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖော်ဝေါ်ရီ ၂၃ ရက်ကထုတ်ပြန်တဲ့ကြေညာချက် မှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျီဆဲဗင်း ထိပ်သီးနိုင်ငံတွေကတော့ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ပါ။ ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်လည်း ဒီထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။