မြန်မာပြည်သူများကို ကူညီခြင်း

သြဂုတ် ၂၃၊ ၂၀၂၁

ဒုက္ခသည် ၇၀၀,၀၀၀ ကျော်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေအပါအဝင် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားပါတယ်။

ဒီအကူအညီတွေကနေပြီး မြန်မာနိုင်ငံအတွင်း ဖေ‌ဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ပြည်သူတွေကို အကူအညီပေးသွားမှာဖြစ်ပါတယ်။ အကူအညီပေးမယ့်အထဲမှာ အသက်ကယ်တင် စောင့်ရှောက်ရေး၊ နေရာထိုင်ခင်း၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာတွေအပြင် ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေး ဝန်ဆောင်မှုတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေအတွက် အကူအညီပေးဖို့ သြဂုတ်လ ၁၀ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ-သောမတ်စ် ဂရင်းဖီးလ် က ကြေညာခဲ့တာပါ။ အဲဒီအကူအညီအပြင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကို ဒေါ်လာ ငါးသန်းအကူအညီပေးအပ်ကြောင်းကိုလည်းကြေညာခဲ့ပါတယ်။

“ဒီအကူအညီတွေကနေပြီး ထိုင်းနိုင်ငံ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကိုတုံ့ပြန်ဖို့နဲ့ ထိခိုက်လွယ်ပြည်သူတွေ၊ အထူးသဖြင့် ထိုင်းနိုင်ငံနယ်စပ်ဒေသကပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အသေအချာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်” လို့ ဘန်ကောက်မြို့က ကာကွယ်ဆေးထိုးနှံရေးဌာနမှာ သံအမတ်ကြီး သောမတ်-ဂရင်းဖီးလ်ကပြောခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးကို ပေးအပ်တဲ့ အကူအညီတွေကတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အခြားသောကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။

“မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ နဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဒေါ်လာ ငါးသန်းထပ်ဆောင်းအကူအညီကို အမေရိကန်ပြည်ထောင်စုကပေးအပ်ထားပါတယ်။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံပြည်သူတွေနဲ့အတူရပ်တည်နေသလို မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ပတ်သက်ပြီးတော့လည်း အလေးအနက်ထားစိုးရိမ်မကင်းဖြစ်နေရပါတယ်။
နက်ပရိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၊ သြဂုတ် ၁၀၊ ၂၀၂၁”

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက်ဆန္ဒပြတောင်းဆိုမှုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေး ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်ကွပ်မှုအတွက်တာဝန်ရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာပါ။ အမေရိကန်ဒဏ်ခတ်အရေးယူမှုဟာ စစ်အာဏာရှင်ကို အထိနာစေဖို့ နဲ့ မြန်မာပြည်သူလူထုအပေါ် စီးပွားရေးအရ ထိခိုက်မှုမရှိစေဘဲ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပြန်လည်အသက်သွင်းဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက်ကိုလည်း သြဂုတ်လ ၃ ရက်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေ နဲ့တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မြန်မာစစ်တပ်ကိုတောင်းဆိုခဲ့ပါတယ်။

ရောဂါပိုးရှိမရှိ ပိုပြီးတိုးတက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်ရေးနဲ့ ပြည်သူလူထုကို အသိပညာပေးရေး အစီအစဉ်တွေကတဆင့် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက်လည်း ဒေါ်လာ သန်း ၂၀ ကျော်လူသားချင်းစာနာမှုအကူအညီကိုမြန်မာပြည်သူတွေအတွက် အထောက်အပံ့အသစ်အနေနဲ့ ထပ်ဆောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံကိုပေးအပ်တဲ့ အမေရိကန်အကူအညီကလည်း ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးလုပ်သားတွေကို အကူအညီပေးနိုင်မှာဖြစ်သလို ကာကွယ်ဆေးထိုးနှံရေးအတွက် အထောက်အပံ့တွေလည်းပိုတိုးလာစေမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွက် Pfizer-BioNTech ကာကွယ်ဆေးအလုံးရေ ၁.၅ သန်းကို အမေရိကန်ပြည်ထောင်စုက ပို့ဆောင်ပေးခဲ့ပြီးဖြစ်သလို နောက်ထပ် အလုံးရေ တစ်သန်းကိုလည်းထပ်မံပံ့ပိုးပေးဖို့စီစဉ်နေတဲ့အကြောင်း သောမတ်စ်-ဂရင်းဖီးလ်ကပြောခဲ့ပါတယ်။