မြန်မာ့ဒီမိုကရေစီကိုထောက်ခံအား‌‌ပေးရေးအတွက် အမေရိကန်နှင့် မိတ်ဖက်များက ဝိုင်းဝန်းကူညီလှုံ့ဆော်

မိသားစု သုံးဦး ယူနီဖောင်းဝတ်ထားတဲ့သူတွေနဲ့ ရဲကားအနီးဖြတ်သွားစဉ်  (© AP Images)
မြန်မာနိုင်ငံ၊ ကမာရွတ်မြို့နယ်အတွင်း မတ်လ က မိသားစုတစ်ခု လုံခြုံရေးတပ်ဖွဲ့ဝင်များဘေးဖြတ်လျှောက်သွားစဉ် (© AP Images)

အောက်တိုဘာ ၁၊ ၂၀၂၁

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာပြန်လည်ရောက်ရှိရေးအတွက်ထားရှိတဲ့ သူရဲ့ ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ဇာတ်ခုံမှာတင်ပြခဲ့။

“ဒီမိုကရေစီဟာ ဘီလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နေရာတိုင်းမှာ ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းထောက်တွေ၊ ငြိမ်းချမ်းရေးအတွက်ဆန္ဒပြသူတွေနဲ့အတူ ဒီမိုကရေစီဟာ ဆက်လက်ရှင်သန်လျက်ရှိနေပါတယ်” လို့ ဒီမိုကရက်တစ်ကမ္ဘာဟာ နေရာတိုင်းမှာရှိနေတဲ့အကြောင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရှေ့မှောက်မှာ သမ္မတဘိုင်ဒင်က အခုလိုပြောကြားခဲ့တာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုအဆုံးသတ်ရေးအတွက်မြန်မာစစ်အာဏာရှင်ကို ဖိအားပေးဖို့အရေးပေါ်လိုအပ်နေတဲ့အကြောင်းကိုလည်း စက်တင်ဘာ ၂၃ ရက်က နယူးယောက်မှာကျင်းပတဲ့ အထွေထွေညီလာခံမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့ အခြားသောအမေရိကန်အရာရှိတွေက အထူးအလေးပေးပြောကြားခဲ့ကြပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မြန်မာ့ ဒီမိုကရေစီအရေးလိုလားသူ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားရေးတွေလိုအပ်တဲ့အကြောင်းကို ဆွေးနွေးခဲ့ကြပါသေးတယ်။ မြန်မာပြည်သူတွေရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အားပေးကူညီမှုကို ပိုမိုအားကောင်းအောင်ဆောင်ရွက်ရေးနဲ့ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ ဒီကနေ့ နယူးယောက်မှာတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြပါတယ်။”

အဲဒီအစည်းအဝေးမှာ “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုပါတယ်” လို့ ချောလက်က ပြောတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

“စစ်အာဏာရှင်ဟာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရပါမယ်၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရပါမယ်” ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ရပါမယ် လို့ စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်တဲ့ကြေညာချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချမှုအတွက် မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ အခြားသော တာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်အာဏာရှင်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁,၁၀၀ ကျော်သေဆုံးခဲ့ရပြီး၊ စစ်အာဏာရှင်ဟာ လူပေါင်း ၆၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခဲ့လို့ နိုင်ငံတကာကလည်း ဝိုင်းဝန်းကန့်ကွက်ရှုတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံ သဘောတူညီချက် ငါးရပ်ကို လိုက်နာဆောင်ရွက်ရေး မြန်မာစစ်တပ်ကို ဖိအားပေးဖို့လိုအပ်တဲ့အကြောင်းကိုလည်း ကုလသမဂ္ဂမှာ ဝန်ကြီးဘလင်ကင်နဲ့ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။